ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအား လွတ်လပ် ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး အာဇာနည်ခေါင်းဆောင်ကြီး များ၏ အသက်သွေးချွေးများကို စတေးကာ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုး ထားတတ်စေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကဌာနမှ ထုတ်ဝေသည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် “(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့” အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက် ဆိုင်များနှင့် လမ်းဆုံလမ်းခွ နေရာများအပါအဝင် လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်း၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှ အမျိုးသား ညီညွတ်ရေးဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ၁၉၄၈-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်များ၊ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် “(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့” အထိမ်းအမှတ် ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့် ကာတွန်းများကို စုံလင်စွာဖော်ပြထားကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)