ကျိုင်းတုံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံ မြို့နယ်၊ လွိုင်မွေဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချယ်ရီပင်များ ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် ချယ်ရီပန်းပွဲတော် (၂၀၂၂) ကို ဇန်နဝါရီလ ၆ ရက်တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိလွိုင်မွေဒေသသို့ ချယ်ရီပန်းပွင့်ချိန်တွင် ရှမ်းအရှေ့ဒေသရှိ ပြည်သူများ သွားရောက် ကြည့်ရှု ဓာတ်ပုံရိုက်လေ့ရှိပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၎င်းဒေသရှိ ချယ်ရီပန်း များ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ လွိုင်မွေဒေသရှိ ချယ်ရီ ပန်းပွဲတော်အား နှစ်စဉ် ဇန်နဝါရီလ ဒုတိယပတ်အား ရက်သတ်မှတ်၍ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန် ခရီးသွားလုပ်ငန်းမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပွဲတော်တွင် ရှမ်း၊ အာခါ၊ လားဟူ၊ ဝ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများ ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ကျိုင်းတုံရုံးခွဲ တာဝန်ခံ ဦးမင်းမောင်စိုးထံမှ သိရသည်။
ထို့အတူ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် အဆိုပါရာသီ၌ ချယ်ရီပန်းများပွင့်ကြသော်လည်း လွိုင်မွေဒေသကဲ့သို့ ချယ်ရီပန်းများ အစုလိုက်အပြုံလိုက် ပွင့်သောနေရာရှားပါးသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ၌ နှစ်စဉ် ဒီဇင်ဘာလကုန်ပိုင်းမှ ဇန်နဝါရီလကုန်ပိုင်းအထိ တစ်လကြာ ချယ်ရီပန်းများ ပွင့်လျက်ရှိသည့်အတွက် ချယ်ရီ ပန်းပွဲတော် ကျင်းပရေးဦးစီးကော်တီမှ လွိုင်မွေဒေသရှိ ချယ်ရီပန်းပွဲတော် (၂၀၂၂) ကို ဇန်နဝါရီ ၆ ရက်တွင် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)