ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံ-ဆိပ်ကမ်းမြို့နယ်အတွင်းရှိ ပြည်သူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိ နားလည်စေပြီး အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန် နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက ဌာနမှထုတ်ဝေသည့် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် " (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ " အထိမ်းအမှတ်  အသိပညာပေး သတင်းစကား လက်ကမ်း စာစောင်များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ စျေးများ၊ လက်ဖက်ရည်ဆိုင်များ၊ Book Club အဖွဲ့၀င်များ၊လမ်း  လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်း၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းမှ အမျိုးသားညီညွတ်ရေးဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျင်းပခဲ့သည့်  မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ် ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်များ၊ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၄) ရက် နေ့တွင် ကျရောက်မည့် " (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ " အထိမ်းအမှတ်  ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့် ကာတွန်းများကို စုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။

လဲ့လဲ့