ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ် ကျောင်း တိုက်အတွင်း တည်ဆောက်ထားသည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံကို အသင်း၏ မတည်ငွေနှင့် အလှူရှင်များ လှူဒါန်းသည့် လှူဒါန်း ငွေများဖြင့် ဆောက်လုပ်ထားရာ စက်ရုံတွင် တစ်ရက်လီတာ (၄၀)အိုး အလုံး(၂၀၀)ခန့် ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင် စက်ရုံသစ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လိုအပ်နေသော ပြည်သူများ အသုံးပြုလျက် ရှိကြောင်း စိန်ရတနာ နာရေး ကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ပါဝင်အားပေးကူညီမှု လှူဒါန်းငွေ၊ အသင်း၏ မတည်ငွေနှင့် အလှူရှင် အသီးသီးတို့၏ စုပေါင်းလှူဒါန်းငွေတို့ဖြင့် ဝယ်ယူထားပြီး ယင်း အောက်ဆီဂျင်စက် ရုံတွင် တစ်နာရီလျှင်(၄၀)လီတာ ဝင်အိုးကြီး (၁၀)လုံးခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ တစ်ရက်လျှင် (၄၀)လီတာဝင်အိုးကြီး အလုံး(၂၀၀)ခန့် ထုတ်လုပ်ပေးနိုင်ရန်အတွက် စက်ကြီးအား ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများက တပ်ဆင်စမ်းသပ်ပေးခဲ့ပြီး စိန်ရတနာ နာရေးကူညီမှုအသင်းရှိ တာဝန်ရှိသူများက အောက်ဆီဂျင်အိုးများ ထုတ်လုပ် လျက်ရှိသည်။
အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်း အနေဖြင့် ပုံမှန် လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်များကို အရှိန် အဟုန်မြှင့် ပါဝင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို