မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်ရှိ အ.မ.က ကျောင်းများတွင် စာသင်ထိုင်ခုံများ လှူဒါန်း

မြောက်ဥက္ကလာပ ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ စာသင်ထိုင်ခုံ မလုံလောက်သည့် အခြေခံပညာ မူလတန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ရာတွင် အဆင်ပြေစေရန်  စာသင် ထိုင်ခုံ များ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်မိုးသူ ကအဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း ရွှေပြည်သာပိုက်လိုင်း ပြုပြင်ထိန်းသိမ်းရေး စခန်း(M.O.G.E)မှ တာဝန်ရှိသူတစ်ဦးက လူမှုအထောက် အကူပြု CSR လူမှုရေးကဏ္ဍအတွက် သဘာဝ ပိုက်လိုင်း ဖြတ်သန်းသည့် မြို့နယ်များ ဖွံ့ဖြိုရေးအတွက်နှစ်စဉ် ဘတ်ဂျတ် အရ လှူဒါန်းခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရွှေပေါက်ကံ မြို့သစ်ရှိ အခြေခံပညာ မူလတန်းကျောင်းများ ဖြစ်သည့် အ.မ.က (၄၄)၊ အ.မ.က(၄၅)၊ အ.မ.က (၄၆) ကျောင်းများမှ ကေျာင်းအုပ်ဆရာမကြီးများထံသို့ လေးယောက် ထိုင် စာရေးခုံနှင့် ထိုင်ခုံများကို တစ်ကျောင်းလျှင် အစုံ(၃၀)ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းဦးက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းအုပ် ဆရာမကြီးများမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (M.O.G.E)သို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်၊၊

မြမြဝင်း(ပြန်/ဆက်)