မြစ်သားမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ စာအုပ်စာစောင် ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မြစ်သား ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း  အမှတ်အကြို နံရံကပ် စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ယနေ့နံနက် (၁၀) နာရီက  မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြပွဲတွင်မြစ်သားမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းနှင့် မူလွန်ကျောင်း(၆)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊  မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက လာရောက် ကြည့်ရှုလေ့လာခဲ့ ကြပြီး  ပြပွဲတွင် လွတ်လပ်ရေးနေ့အကြောင်း  ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို  မြို့ပေါ် ရှိကျောင်း (၆) ကျောင်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျင်းပမည့် (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့အခမ်းအနား၌ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

အဆိုပါ ပြပွဲပြိုင်ပွဲသို့ လာရောက်ကြည့်ရှု လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ ဆရာမ များ၊ ကျောင်းသားမိဘများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြမြမွန် (ပြန်/ဆက်)

၀၉−၇၈၈၄၃၂၃၇၇