ပျော်ဘွယ် ဇန်နဝါရီ ၃
ပျော်ဘွယ်မြို့နယ်တွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အာယုသုခ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ဇန်နဝါရီလ (၃)ရက်၊ နံနက်(၁၀)နာရီက ရွှေပြည်ရန်အောင်ရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီးရှိ အဆိုပါစက်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာအချိန်တွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်၊ အမှတ်(၇၁) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခေတ္တတပ်မမှူး ဒုတိယဗိုလ်မှူးကြီး နေမျိုးထက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်နှင့် မြို့မိမြို့ဖ ဦးညွန့်ဝင်းတို့က အာယုသုခအောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စက်ရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ အောက်ဆီဂျင်စက်ရုံအတွင်း သာယာလှပရေးအတွက် သစ်ပင်များစိုက်ပျိုးပေးခဲ့ကြပြီး စက်ရုံလည်ပတ်နေမှုအခြေအနေများကို ကြည့်ရှုအားပေးကြသည်။
အာယုသုခ အောက်ဆီဂျင်စက်ရုံကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းတပ်ဆင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစက်ရုံမှ အောက်ဆီဂျင်လိုအပ်နေသည့်နေရာများသို့ ဖြန့်ဖြူးလျက်ရှိသလို တစ်နေ့လျှင် လျှပ်စစ်မီးအပြည့်အဝရရှိပါက လီတာ(၄၀)ဆံ့ အောက်ဆီဂျင်အိုးပေါင်း(၁၈၀)ခန့်အထိ ထုတ် လုပ်ပေးနိုင်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)