မင်္ဂလာဒုံ ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပျဉ်းမပင်မွေးမြူရေးခြံ၌ (ပထမအကြိမ်) မြန်မာ့နွားသိုးအလှ၊ နိုးစားနွား၊ အသားစားနွား၊ သိုးနှင့်ဆိတ် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးဌာနမှ ဝန်ကြီးဦးအောင်သန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မွေးမြူရေးလုပ်ငန်းသည်လည်း အဓိကကျကြောင်း၊ မွေးမြူရေးလုပ်ငန်းသည် အသား၊ ဥနှင့်နို့ရရှိရေးအတွက် အဓိကရည်ရွယ်ချက်ထားပြီး ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကြည့်မည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး၏ နို့စားနွားမွေးမြူရေး လုပ်ငန်းသည်များစွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ နို့စားနွားမှရရှိသော နွားနို့သည် ကလေးငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မား နိုင်ကြောင်း၊မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ သိုးနှင့် ဆိတ်အလှပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် အရည်အသွေးမြင့်မားပြီး ထုတ်လုပ်မှုကောင်းမွန်သည့် ဒေသနွား၊နို့စားနွား၊ သိုးနှင့်ဆိတ်မျိုးများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ မွေးမြူရေးသမား အချင်းချင်း အပြန်အလှန်ဆက်သွယ်မှု ကွန်ယက်ကျယ်ပြန့်လာပြီး မွေးမြူရေးနည်းပညာများ ဖလှယ်နိုင်ကြောင်း၊ ပြိုင်ပွဲဝင်တိရစ္ဆာန်များ၏ အမူအကျင့်တို့ကို လေ့လာနိုင်ကြောင်း၊ မွေးမြူရေးသမားများအတွက် မိမိတိရစ္ဆာန်များကို သေချာစနစ်တကျ မွေးမြူထားခြင်း၏ အသီးအပွင့်ကို ခံစားနိုင်ပြီး မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စသည်တို့ကိုရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်သန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမြင့်ရွှေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်း၊ မြောက်ပိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးမှူး ဦးသန့်ဇင် ၊မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ပြိုင်ပွဲကို (၂.၁.၂၀၂၂)ရက်နေ့မှ (၃.၁.၂၀၂၂)ရက်နေ့ထိ (၂)ရက်ပြုလုပ် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်မှာ ပြည်သူများ မွေးမြူရေးဗဟုသုတများ ရရှိစေရန်၊ မိမိဒေသတွင် ထွက်ရှိသောအစာများကို ကျွေးမွေး၍ နွား၊သိုးနှင့် ဆိတ် များကို မွေးမြူနိုင်ကြောင်း၊ အရည်အသွေး ကောင်းမွန်သော မျိုးကောင်းမျိုးသန့် နွား၊ သိုး၊ ဆိတ်များပွားများ လာစေရန် အတွက်ဖြစ်ပြီး နွား၊သိုး၊ဆိတ် စုစုပေါင်း(၁၀၄) ကောင်ပြိုင်ပွဲဝင်မည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
သန္တာ