သီပေါမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်

သီပေါ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယနေ့နံနက်(၉) နာရီအချိန်က ရပ်ကွက်နှင့်ကျေးရွာများရှိ မွေးကင်းစမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား  လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား  ပေါင်ချိန်ပေးခြင်း၊ အသက်အရွယ်အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးပြီး၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့ကြသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့်  ကလေးမိခင်များကို ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ ကလေးအာဟာရဖွံ့ဖြိုးရေးအတွက် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ခင်လေး(ပြန်/ဆက်)