ငါန်းဇွန် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုး မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၉နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ကြောင်း သိရသည်။
ထိုသို့လှည့်လည်အသိပညာပေးနိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းလျော့နည်း ကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရော ဂါပိုးမှာ မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊ လေဝင်လေထွက် ကောင်းသည့်နေရာတွင်နေထိုင်ခြင်း၊ သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာ ကုသခြင်းမျိုး မဆောင်ရွက်ဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့၍ မိမိနှင့်အနီးကပ်ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ဆက်စပ်ခဲ့ သူများသည်လည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ် ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့်ထိုးနှံကြရန်နှင့် ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များ လိုက်နာကြပါရန် စသည့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေး သတိပြုကြရမည့်အချက်များကို မိဘပြည်သူများသိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး (ငါန်းဇွန်)