တာလေ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ထုတ်ဝေသော၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များအား ယမန်နေ့နံနက်ပိုင်းကမြို့တွင်းလူစည်ကားရာနေရာများနှင့် တာလေစျေးအတွင်းသို့ သွားရောက်ဖြန့်ဝေခဲ့သည်။
၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးတစ်လျှောက်ချုပ်ဆိုခဲ့သည့် စာချုပ်များ၊ လွတ်လပ်ရေး ကိုကာကွယ်ရမယ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်(၄)ရပ်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ၁၉၄၈ ခုနှစ်၊ ဇန်နာဝါရီ ၄ ရက်ပထမဦးဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင်ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်များ ၊ တို့များဆင်မြန်းလွတ်လပ်ပန်းကဗျာ၊ကာတွန်းစသည့် အကြောင်းအရာများပါဝင်ကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာလေ မြို့ရုံး ဝန်ထမ်းများက မြို့အတွင်းလူစည်ကားသည့်နေရာများ ၊ လူသူအသွားအလာများ သော လမ်းဆုံလမ်းခွများ ၊ လမ်းဘေးဝဲယာရှိစျေးဆိုင်များနှင့် တပ်နယ်စျေးအတွင်း စျေးရောင်းစျေးဝယ်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန် /ဆက်)