သီတက္ကန်(မြောက်)ကျေးရွာမှ ထွက်ရှိသည့် ထန်းမြူအိုးများ ထန်းတက်ရာသီ စတင်တော့မည်ဖြစ်၍ အရောင်းတွင်ကျယ် လျက်ရှိ

မိတ္ထီလာ ဇန်နဝါရီ ၃

မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာမှ ထွက်ရှိသည့် ထန်းမြူအိုးများ ထန်းတက်ရာသီ စတင်တော့မည်ဖြစ်၍  အရောင်းတွင်ကျယ်လျက်ရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။

သီးတက္ကန်(မြောက်)ကျေးရွာမှ ဒေသခံကျေးလက်နေပြည်သူများက မိုးရာသီတွင် လယ်ယာလုပ်ငန်း ကို လုပ်ကိုင်ကြပြီး လယ်ယာလုပ်ငန်းများ သိမ်းဆည်းပြီးချိန်တွင် ကျေးရွာ၏ အိမ်ခြေ ၈၅ အိမ် လူဦးရေ ၄၀၀ ကျော်ရှိသည့်အနက်မှ အိမ်ထောင်စု ၅၀ ကျော်က အိုးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိသည်။ ထိုသို့  အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်ဖုံး၊ ဆီမီးခွက်၊ ထန်းမြေအိုးများကို အဓိကလုပ်ကိုင် လျက်ရှိသည့်ရာမှ ထန်းတက်ရာသီ စတင်တော့မည်ဖြစ်၍  ကျေးရွာထွက် ထန်းမြူအိုးများ အရောင်းတွင်ကျယ်လျက် ရှိသောကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူများက ထန်းမြူအိုးများကို အဓိက လုပ်ကိုင်၍ ရောင်းချလျှက်ရှိသည်။

ယင်းတို့ အိုးလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သောမြေများကို အမျိုးသားများက တောမှလှည်းများဖြင့် သယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီး အမျိုးသမီးများက အိုးပုံသွင်ခြင်း၊ နေလှန်းခြင်း၊ မီးဖုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်သည်။ ထိုသို့ အိုးလုပ်ငန်းများဆောင်ရွက်ရာတွင် မြေစိမ်း၊ မြေနီတို့ကို ကျင်းအတွင်းထည့်၍ ရေလောင်း ပြီး နူးနပ်အောင်ထားရပြီး ရွှံ့များနူးနပ်ပါက အမွှေးပါသည့် နွားသား ရေပေါ်ပုံပြီး ရွှံ့များ စီးသွားအောင် ခြေထောက်ဖြင့် နင်းရသည်။ ယင်းသို့ ခြေထောက်ဖြင့် နင်းပြီးပါက အရှည် ၁၂ လက်မ အချင်း ၅ လက်မရှိ ရွှံ့တုံးလေးများလုံး၍ အိုးပြင်သည့်  လက်လှည့်ပေါ်တင်၍ ပုံကြမ်းဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရသည်။ ၎င်းနောက် အိုးကို လက်ခတ်ဖြင့် ရိုက်ပြီး အပွင့်ပုံဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီးနောက် ရရှိလာသည့် အိုးစိမ်းများကို နေလှန်း၍ အခြောက်ခံ ရကြောင်း၊ အခြောက်ခံပြီး အိုးစိမ်းများကို မီးဖုတ်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရသည်။ ယင်းသို့ နေလှန်းပြီး အိုများကို မီးဖုတ်ရာတွင် အောက်ခြေတွင် ထင်းများခင်းပြီး အိုးစီခြင်းလုပ်ငန်းဆောင်ရွက်ရသည်။ ယင်းနောက် စီထား သည့် အိုးပုံဘေးပတ်လည်တွင် ထင်းများထောင်၍ စီခြင်း၊ ကောက်ရိုးများ ဖုံးအုပ်ခြင်း ဆောင်ရွက်ပြီး ပါက  ရွံ့များ လိမ်းကြန်ခြင်းနှင့် အိုးပုံပတ်လည်မီးရှို့ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရသည်။ ထိုသို့ မီးရှိုရာတွင် အိုးစီတဲ့ အပေါ် မူတည်၍ အချိန်ကြာကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခိုင်ထံမှ သိရသည်။

သီးတက္ကန် (မြောက်) ကျေးရွာမှ  ထွက်ရှိသည့် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်ဖုံး၊ ဆီမီးခွက်နှင့် ထန်းမြေအိုးများကို မိတ္ထီလာ၊ မလှိုင်၊ တောင်သာမြို့နယ်များမှ အိုးကုန် သည်များက ကျေးရွာ အရောက် ဝယ်ယူလျက်ရှိကြရာ အဆိုပါအိုးလုပ်ငန်းကို သီးတက္ကန်(မြောက်) ကျေးရွာ သာမက အနီးအနား ကျေးရွာများ ကပါ အိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)