မန္တလေး ဩဂုတ် ၂၄
ချမ်းအေးသာစံမြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့်ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ၃၅ လမ်း၊ ၈၉လမ်းနှင့် ၉၀ လမ်းကြားရှိ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမ ဒေါ်တင်မမခိုင် (မန်းတက္ကသိုလ်)က သိမ်တော်ရှင်မြတ်စွာဘုရားသမိုင်းနှင့် ပေါင်လောင်ရှင် မဟာကဿပမထေရ်မြတ်၏ ထေရုပ္ပတ္တိအကျဉ်းစာအုပ်ကို မိတ်ဆက်ခဲ့သည်။
ဆက်လက်၍ချမ်းအေးသာစံမြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲအစီစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ စာရေးဆရာမ ဒေါ်နုနုကြည် (အမေ့အိမ်)က အမှုဆောင် စာရင်းကြိုညှိနှိုင်းမှုဖြစ်သည့် ချမ်းအေးသာစံမြို့နယ်စာရေး ဆရာအသင်း ဥက္ကဋ္ဌအဖြစ် မောင်သန်း (မဟာဝိဇ္ဇာ)၊ အတွင်းရေးမှူးအဖြစ် ဒေါ်တင်မမခိုင် (မန်းတက္ကသိုလ်)၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်မမနိုင် (မန္တလေးရုပ်သေး)၊ အမှုဆောင်အဖြစ် ဦးစိုင်းအောင်မင်း(မိုတိုင်း)နှင့် ဒေါက်တာထွန်းမောင်၊ ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် မောင်သန်း (မဟာဝိဇ္ဇာ) တို့အား အဆိုပြုတင်သွင်းခဲ့သည်။
ယင်းအဆိုပြုမှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချမ်းအေးသာစံမြို့နယ်ဦးစီးမှူး ဦးဘိုဘိုဟန်က တက်ရောက်လာသူများ၏ သဘောဆန္ဒကိုမေးမြန်းရာ သဘောတူညီကြသဖြင့်အဆိုပြုချက်ကို အတည်ပြုကြောင်း ကြေညာခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့် တာဝန်ရှိသူများ၊ ချမ်းအေးသာစံမြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်