တိုက်ကြီး ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပစေရေး (Green City ၊ Clean City ) ဖြစ်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ သစ်ပင်စိုက်ပျိုးခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက် ရန်ကုန် - ပြည်လမ်းဘေးရှိ မြို့နယ်စည်ပက်သာယာရေးရုံးရှေ့၌ Foxtail မြေခွေးမြီး ( ၅၀ ) ပင်အား စိုက်ပျိုးခြင်း၊ ပြည်သဒ္ဒမ္မဇောတိကာရုံကျောင်းတိုက်ရှေ့တို့တွင် သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ဦးဆောင်သော အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့က စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
တိုက်ကြီးမြို့နယ် စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပစေရေး ( Green City ၊ Clean City )ဖြစ်စေရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ရန်ကုန် - ပြည်လမ်းမကြီး တစ်လျှောက် လမ်းဘေးဝဲ/ယာရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် စုပေါင်း သန့်ရှင်း ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)