ရမည်းသင်း ဇန်နဝါရီ ၃
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်း သင်းမြို့နယ်တွင် အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မတည်ငွေနှင့်အများပြည်သူ လှူဒါန်းမှုဖြင့် တည်ဆောက်ထားသော အောက်ဆီဂျင် စက်ရုံဖွင့်ပွဲကို ယနေ့ နံနက်၈ နာရီက ဝါတိုးရပ်ကွက်(ကျေးနီကန် အနီး)ရှိ အောက်ဆီဂျင်စက်ရုံတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ စက်ရုံဆိုင်ဘုတ်ကို အမွှေးနံ့သာရည်များ ဖျန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင် ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့မိမြို့မများနှင့် အလှူရှင်များ တက်ရောက်ကြ သည်။
ရမည်းသင်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မတည်ထည့်ဝင်ငွေကျပ်သိန်း(၅၀၀)၊ သံဃာတော်များနှင့် ခုနှစ်ရက်သားသမီးများ လှူဒါန်းငွေ ကျပ်သိန်း(၁၈၀၀)ကျော်ဖြင့် မြေအလှူရှင် ဦးရန်နိုင်ဝင်း +ဒေါ်နန်းမေသဇင်ထွန်း(ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်း ကျောင်း)မှ ၀.၂၃ဧက လှူဒါန်းပြီး အဆိုပါမြေနေရာတွင် ၂၅×၅၀ ပေ အဆောက်အအုံဆောက်လုပ်ကာ တစ်ရက်လျှင် ၄၀ လီတာဆံ့ အလုံး(၁၉၂ )လုံး ထွက်ရှိကြောင်း သိရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)