မိုင်းယုမြို့၌ သုခဒါယီနှစ်ထပ်ဆွမ်းစားဆောင်သစ် ရေစက်ချတရားနာ မင်္ဂလာအခမ်းအနား ကျင်းပ

မိုင်းယု ဇန်နဝါရီ ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် အလှူရှင် ဒါယိကာ/ မများ စုပေါင်းလှူဒါန်းကြသည့် “သုခဒါယီ”နှစ်ထပ်ဆွမ်းစားဆောင်သစ် ရေစက်ချတရားနာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  မြို့မရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို နမောတဿသုံးကြိမ်ရတ်ဆို၍ ဖွင့်လှစ်ပြီး မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြခြင်း၊ ပရိတ်တရားတော်များချီးမြှင့်ခြင်း၊ ကျောင်းဆောင်သစ်အလှူရှင်များအား မိုင်းယုထေရဝါဒဗုဒ္ဓ သာသနာပြု ကျောင်းတိုက်ဆရာတော်မှ ဂုဏ်ပြုမှတ်လွှာများ ပေးအပ်ချီးမြှင့်ခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော် ထံမှ ရေစက်ချအနူမောဒနာတရားတော်ကို နာကြားကြပြီး ရေစက်သွန်းချအမျှဝေကာ ဗုဒ္ဓ သာသနံစိရတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)