ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက် 

မိတ္ထီလာ ဇန်နဝါရီ  ၃

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန် နေ့နံနက်က ကုန်းကြီးဂွေ့ကျေးရွာနှင့် ကျောင်းကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နမှ သိရသည်။

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်စေရန် ရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင်နှင့်ညီညွတ်သော အခြေခံအဆောက်အအုံတည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ချခြင်း၊ စွန့်ပစ်အမှိုက်များ စနစ်တကျစီမံခန့်ခွဲခြင်း၊ ရေအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကောင်းမွန်သော စိုက်ပျိုးရေး၊ မွေးမြူရေးနည်းစနစ်များ ကျင့်သုံးသော ကျေးရွာဖြစ်ခြင်း စသည့်  အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာရှိ ဒေသခံပြည်သူများအား မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ကျေးရွာတာဝန်ခံများက သင်တန်းများ ပို့ချခဲ့ပြီး အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများပါရှိသည့် ဗီးနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြို့နယ်အတွင်းရှိ ကျေးရွာမြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း၊ ရေပေးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကျေးရွာများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)