မလှိုင် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာ၊ ကွင်းအမှတ်(၁ဝ၅)၊ ဦးပိုင်အမှတ် (၈၂)ရှိ တောင်သူဦးပြေအေး၏ ယာမြေ (၄) ဧကတွင် စိုက်ပျိုး ရေးဦးစီးဌာနက ကြီးကြပ်စိုက်ပျိုးထားသော စပ်မျိုးနေကြာ မျိုးစေ့ထုတ် စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုထံက သိရသည်။
“နေကြာဆီစားသုံးခြင်းသည် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့်အပြင် မိသားစု အပိုဝင်ငွေရရှိစေသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ် စိုက်ပျိုးသင့်ကြောင်း၊ စိုက်ပျိုးမည်ဆိုပါက မျိုးကောင်းမျိုးသန့်ရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ် ပညာများကိုလည်း ကူညီပံ့ပိုးပေး သွားမှာဖြစ်ကြောင်း” မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုက ပြောပြခဲ့သည်။
မလှိုင်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာကို ယခင်က စိုက်ပျိုးသူနည်းပါးသော်လည်း ယခုအခါ စားသုံးဆီဖူလုံမှု ရှိစေရေး အထောက် အကူပြုစေရန်၊ ဆီထွက်သီးနှံ နေကြာကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးရာတွင် ဒေသခံတောင်သူများအတွက် မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးနိုင်ရန်၊ မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးမှသာ အထွက်နှုန်း ကောင်းမွန်ပြီး စိုက်ပျိုးသူတောင်သူများ အကျိုးဖြစ်ထွန်းစေမည်ဖြစ်၍ မျိုးစေ့ထုတ်စိုက်ခင်းများကို စိုက်ပျိုးခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)