စစ်တွေ ဇန်နဝါရီ ၂
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
ကလေးပြိုင်ပွဲသို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကများ၊ ဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးကြပြီး ကလေးငယ်များအား ကစားစရာများ ပေးအပ်ကြသည်။
ပြိုင်ပွဲဝင်ကလေးငယ်များအား ကလေးအထူးကုဆရာဝန်ကြီးများ၊ ကလေးဆရာဝန်များ၊ သူနာပြုများနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက မွေးစာရင်းရရှိမှု၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ ဆေးစစ်ဆေးချက်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အသိဉာဏ်ဖွံ့ဖြိုးမှု၊ ကာကွယ်ဆေးထိုးနှံမှု၊ ကာကွယ်ဆေးထိုးနှံမှု မှတ်တမ်းရရှိမှု၊ ကျွမ်းကျင်သူနှင့် မွေးဖွားမှုနှင့် ကိုယ်အလေးချိန်တိုင်းတာမှု မှတ်တမ်းရရှိမှု စသည်တို့ဖြင့် စစ်ဆေးယှဉ်ပြိုင်ပြီး ဆရာဝန်ကြီးများက ကလေးငယ်များ၏ ကျန်းမာရေးများကိုလည်း စစ်ဆေးပေးကြသည်။
ကလေးပြိုင်ပွဲတွင် မွေးကင်းစမှ ၆ လအထိ ကလေးပြိုင်ပွဲ၊ ၆ လမှ တစ်နှစ်ထိပြိုင်ပွဲ၊ တစ်နှစ်မှ တစ်နှစ်ခွဲထိပြိုင်ပွဲနှင့် အမွှာကလေးပြိုင်ပွဲများပါဝင်ပြီး ပြိုင်ပွဲများတွင် ဆုရရှိသော ကလေးငယ်များအား စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ် လပ်ရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)