ပြည်တွင်းကြက်သားပေါက်လိုအပ်ချက်အရ လေးလအတွင်း ကြက်သားပေါက်အကောင်ရေ ၃ သန်းကျော် ထိုင်းနိုင်ငံမှ တင်သွင်းရန်လျာထား

 မန္တလေး ဩဂုတ် ၂၄

ပြည်တွင်းကြက်ပေါက်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် စီးပွားဖြစ်အသားစားကြက်ပေါက်များကို ထိုင်းနိုင်ငံမှ တစ်လချင်းစီအလိုက် ရေတိုစီမံချက်နှင့် ဇွန်လကနေစတင်တင်သွင်းလျက်ရှိရာ စက်တင်ဘာကုန်အထိ ၃ ဒသမ ၇၉သန်း တင်သွင်းရန်လျာထားကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 "ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပြီး ဧပြီနဲ့မေလတုန်းက ကြက်သားပေါက်တွေမရောင်းရ အဆင်မပြေတော့ မျိုးခြံတွေကလည်း ကြက်သားပေါက်ထုတ်လုပ်မှု ပမာဏလျှော့ချလိုက်တယ်၊ ကိုဗစ် - ၁၉ ရောဂါက မြန်မာနိုင်ငံမှာ အဆိုးကြီးမဖြစ်ခဲ့တော့ အခုနောက်ပိုင်းလုပ်ငန်းတွေ ပြန်လည်ပတ်လာပြီး လိုအပ်ချက် ပြန်မြင့်လာတော့ ကြက်သားပေါက်တွေကို ထိုင်းနိုင်ငံကနေတင်သွင်းရတာပါ" ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၃) ဒေါက်တာ နေသူရိန်က ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ တတိယအကြိမ်မြောက် အရေးပေါ်ကြက်သားပေါက်တင်သွင်းမှုကို သြဂုတ် ၁၅ နေ့မှ စက်တင်ဘာလကုန်အထိ တစ်လခွဲအတွင်း ကြက်ပေါက်ကောင်ရေ ၁၀ သိန်း ၇ သောင်း တင်သွင်းသွားမည်ဖြစ်သည်။

"ကြက်သားပေါက်တွေကို တစ်နိုင်ငံလုံးအနေနဲ့ တင်သွင်းတာပါ၊ ပထမအကြိမ် ဇွန်လ ၁၅ မှ ဇူလိုင် ၁၅ ရက်နေ့အထိ အကောင် ၉ သိန်းနှစ်သောင်း၊ ဒုတိယအကြိမ် ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၁၅ ရက် အထိ ၁၈ သိန်းသွင်းခဲ့တယ်၊ အခု တတိယအကြိမ် သြဂုတ်လ ၁၅ မှ စက်တင်ဘာလကုန်အထိ  အကောင်ရေ ၁၀ သိန်း ၇ သောင်း သွင်းဖို့လျာထားတယ်၊ နောက်ပိုင်း ပြည်တွင်းမှာ ကြက်သားပေါက် ထုတ်လုပ်မှု လုံလောက်သွားမှာပါ၊ ကြားထဲမှာတော့ အနည်းနဲ့အများသွင်းနေရဦးမှာပါ" ဟု ဆက်လက် ပြောသည်။

လိုအပ်ချက်အရ မြန်မာနိုင်ငံသို့တင်သွင်းသည့် စီးပွားဖြစ်အသားစား ကြက်သားပေါက်များကို ထိုင်းနိုင်ငံမှ မှာယူတင်သွင်းကြောင်း၊ လေကြောင်းလိုင်းများ ပိတ်ထားသည့်အတွက် နယ်စပ်ဂိတ်များမှ တင်သွင်းရကြောင်း၊  ဇွန်လတွင်းက ကြက်ဈေးများ အနည်းငယ်တက်သွားခဲ့ရာ တစ်ပိသာလျှင် ကျပ် ၄၀၀၀ ကျော်မှ ၅၀၀၀ ကျော် ဈေးနှုန်းရှိခဲ့ကြောင်း၊ ယခုရက်ပိုင်း ရန်ကုန်ဈေးကွက်တွင် ၂၇၀၀ ကျပ် သာရှိ၍ မန္တလေးဈေးကွက်၌ ၃၁၀၀ကျပ်ရှိပြီး  ထုတ်လုပ်မှုစရိတ်မှာ တစ်ပိသာ ကျပ် ၂၈၀၀ သာ ရှိကြောင်း၊ ရန်ကုန်ဈေးကွက်တွင် တင်သွင်းမှုပိုများသွားသဖြင့် ကြက်ဈေးနှုန်းများ အနည်းငယ် ပြန်ကျသွားကာ ထုတ်လုပ်မှု စရိတ်အောက်သို့ အနည်းငယ်ရောက်ရှိနေကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု ပြန်လည်တိုးတက်လာသည့် အတွက်ထိုင်းနိုင်ငံမှ တင်သွင်းမှုကို လျော့ချသွားရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။

 " စီးပွားဖြစ် အသားစားကြက်သား ပေါက်တစ်ကောင်ကို ကျပ်ခုနစ်ရာဝန်းကျင်ရှိပါတယ်၊  ရန်ကုန်နဲ့ မန္တလေးမှာ မျိုးကြက်ခြံတွေရှိတော့ မလုံလောက်တာ တော့ အများကြီးမရှိဘူး၊ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်မှာ မျိုးကြက်ခြံမရှိတဲ့ နေရာတွေမှာ ကြက်သားပေါက်ဖြန့်ချိမှုများသွားမှာပါ၊ နောက်ပိုင်း ပြည်တွင်းမှာ ကြက်သားပေါက်တွေလုံလောက်မှုအနေထားရှိ သွားမှာပါ" ဟု ဆက်လက်ပြောသည်။

အသားစားကြက်မွေးမြူရေးအနေဖြင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းကျော်တိုးတက်လျက်ရှိသည့် ပြည်တွင်းစီးပွားရေးကဏ္ဍတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ပြည်တွင်းကြက်သားပေါက်ထုတ်သည့်ပမာဏမှာ တစ်လလျှင် ကြက်သားပေါက်ကောင်ရေ ၁၈ သန်းခန့်ထုတ်နေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် အဓိကထုတ်လုပ်ကြကြောင်း၊ကြက်သားပေါက်တင်သွင်းခြင်းကို မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ကြက်မွေးမြူရေးလုပ်ငန်းရှင်များနှင့် ကြက်သားပေါက်တင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် နေပြည်တော်တွင်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှဦးစီး၍ ပုံမှန်လစဉ်အစည်းအဝေးပြုလုပ်ကာ ပြည်တွင်း၌ ကြက်သားပေါက်လုံလောက်မှုရှိအောင် ညှိနှိုင်းဆောင်ရွက်နေကြကြောင်း သိရသည်။

ထိပ်ထားနိုင်