စဉ့်ကိုင် ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်း (၁/၂၀၂၂)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆည်ရွာ ကျေးရွာတောရ စလေကျောင်း၀င်းအတွင်းရှိ အနန္တဂုဏ်ရည်ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်၊ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအဖွဲ့၀င် ဒေါ်လွင်လွင်မာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ ဒုခရိုင်တပ်ဖွဲ့မှူး ဒေါ်နွဲ့နွဲ့ထွေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူးက ကိုဗစ်-၁၉ရောဂါ အိုမီခရွန်နှင့်ပတ်သက်ပြီး ကာကွယ်ရမည့် နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။
သင်တန်းတွင် နည်းပြများအဖြစ် ကျောက်ဆည်ခရိုင် ကြက်ခြေနီအုပ်ချုပ်ရေးအဖွဲ့ ဒုခရိုင်တပ်ဖွဲ့မှူး ဒေါ်နွဲ့နွဲ့ထွေး၊ ဦးအောင်နိင်မင်း စဉ့်ကိုင်မြို့နယ်တပ်ဖွဲ့မှူး ဒေါ်နီနီ၊ ဒေါ်မြင့်မြင်စန်း(တပ်ခွဲမှူး)၊ ဒေါ်ဒါဒါလွင်(တပ်ခွဲမှူး)စာတွေ့လက်တွေ့ပို့ချခဲ့ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်း သူ(၂၅)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)