အ.ထ.က(ထန်းတပင်)အခြေခံပညာအထက်တန်းကျောင်း၏ (၂၄)ကြိမ်မြောက်မြတ်ဆရာ ပူဇော်ပွဲ ကို အစဉ်အလာမပျက်ကျင်းပပြုလုပ်သွားမည်

ထန်းတပင်  ဇန်နဝါရီလ  ၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်တန်း ကျောင်းတွင် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို နှစ်စဉ် ကျင်းပပြုလုပ် လာလျက်ရှိပြီး ယခုနှစ် (၂၄) ကြိမ်မြောက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေ များအရ အခမ်းအနားပုံစံဖြင့် ကျင်းပပြု လုပ် သွားမည်မဟုတ်ဘဲ အစဉ်အလာ မပျက် စေရေးအတွက် ငွေလွှဲစနစ် (Wave Money)ဖြင့် အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများကို လှူဒါန်းပူဇော် ပေးသွားမည် ဖြစ်ကြောင်း အ.ထ.က(ထန်းတပင်) မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှသိရသည်။

လှူဒါန်းပူဇော်ရာတွင်လည်း ရပ်ဝေးမှဆရာကြီး၊ ဆရာမကြီးများကို ငွေလွှဲစနစ် (Wave Money)ဖြင့် လည်းကောင်း၊ ရန်ကုန်မြို့နှင့်ထန်းတပင်မြို့တွင်းမှ ဆရာကြီး၊ ဆရာမကြီးများကို အိမ်တိုင်ရာရောက် လှူဒါန်းမှုများဖြင့် လည်းကောင်း လှူဒါန်းပူဇော်သွားမည်ဖြစ်ကာ ဇန်နဝါရီလ (၇)ရက်နေ့မှ ဇန်နဝါရီ လ(၁၃) ရက်နေ့အတွင်း အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများထံ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရပြီး အသက် (၈၀)နှစ်အထက် ဆရာကြီး၊ ဆရာမကြီး (၁၂)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းခွဲ၊ အသက်(၇၀)နှစ် နှင့်(၈၀)နှစ်ကြား ဆရာကြီး၊ ဆရာမကြီး(၄၃)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်တစ်သိန်း နှင့် အသက် (၇၀) နှစ်နှင့်(၆၀)နှစ်ကြား ဆရာကြီး၊ ဆရာမကြီး(၄၂)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ကိုးသောင်း နှုန်းဖြင့် အပူဇော်ခံဆရာကြီး၊ ဆရာမကြီး စုစုပေါင်း(၉၇)ဦး တို့ကိုလှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။

အ.ထ.က(ထန်းတပင်) အခြေခံပညာကျောင်း မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများက စုပေါင်းကာ နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ် လာလျက်ရှိသော်လည်း ယခုနှစ် အလှူငွေကောက်ခံခြင်းမပြုတော့ဘဲ မြတ်ဆရာပူဇော်ပွဲ ငွေပဒေသာပင်ရန်ပုံငွေမှ လှူဒါန်း ပူဇော်ပေးခြင်းဖြစ်ကြောင်းလည်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)