မိတ္ထီလာမြို့ စည်ပင်သာယာစျေးကြီးတွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများ နှာခေါင်းစည်းများတပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်

မိတ္ထီလာ သြဂုတ်လ  ၂၄

မိတ္ထီလာမြို့ စည်ပင်သာယာစျေးကြီးအတွင်းရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီး၊ ဗဟိုစျေးကြီးနှင့် ပိတောက်မြိုင်စျေးတို့တွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများကို ကိုဗစ်-၁၉ ကင်းဝေးစေရန်အတွက် စျေးအတွင်းဝင်ရောက်ပါက နှာခေါင်းစည်းများ တပ်ဆင်ပြီးမှဝင်ကြရန် စည်ပင်သာယာရေးဝန်ထမ်းများက သြဂုတ်လ ၁၂ ရက်နေ့မှစတင်၍ စျေးဝင်ပေါက်များတွင် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် စျေးဝင်ပေါက်များတွင် ကိုဗစ်-၁၉  အသိပညာပေးပိုစတာများထားရှိသည့်အပြင် စျေးအတွင်းဝင်ရောက်လာပါက လက်ဆေးနိုင်ရန်အတွက် လက်ဆေးစင်များထားရှိပေးထားသည်။

ယင်းအပြင် မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ခေတ္တ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့်  တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်တို့က စျေးကြီးအတွင်းရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/မရှိ နေ့စဉ်ကွင်းဆင်းကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း စျေးအရာရှိ   ဦးအောင်ကျော်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)