သထုံမြို့နယ်၌ ၈၄ နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံ့၍ကျင်းပ

သထုံ    ဇန်နဝါရီ      ၂

ကရင်သက္ကရာဇ် ၂၇၆၁ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်‌နေ့၌ ကျရောက်သည့် ၈၄ နှစ်မြောက် ကရင်နှစ်သစ်ကူး‌ပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ သာသနာ့ဝုဒ္ဓိ ကျောင်းတိုက်၌ ယနေ့ နံနက်က မြို့နယ်အဆင့်အနေဖြင့် ကိုဗစ်-၁၉ ကာလ စည်းကမ်းချက်များနှင့်အညီ အကျဉ်းချုံးကျင်းပခဲ့သည်။

နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပခြင်းမှာ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့တွေကို ဖော်ထုတ်တဲ့အနေဖြင့် ကျင်းပရခြင်းဖြစ်ပြီး လူငယ်တွေအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်ပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်း ထိန်းသိမ်းသွားစေလိုကြောင်း သထုံမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်တစ်ဦးကပြောသည်။

နှစ်သစ်ကူးပွဲ‌တော် ကျင်းပရာတွင် နံနက် အာရုဏ်တက်အချိန်၌ တက်ရောက်‌လာကြသည့် တိုင်းရင်းသားများက ကရင်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြခြင်း၊ သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်း များကို ပြုလုပ်ခဲ့ကြသည်။

သထုံမြို့နယ်တွင် ကရင်တိုင်းသား စုစုပေါင်း ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး မြိုနယ်အဆင့် ရိုးရာနှစ်သစ်ကူး ပွဲတော်ကို သထုံမြို့ပေါ်နဲ့ ကရင်တိုင်းရင်းသား အများစု နေထိုင်သည့် ကျေးရွာ ၃၇ ရွာတို့မှာ အလှည့်ကျ နှစ်စဉ်ပြုလုပ်ခဲ့‌ကြောင်း ယခင်နှစ်များတွင် သက်ကြီးပူဇော်ပွဲ၊ ဒုံးယိမ်းပြိုင်ပွဲများ၊ တိုင်းရင်းသူအလှမယ်ရွေးချယ်ခြင်း၊ ရိုးရာလက်ဝှေ့ပွဲ၊ ဇတ်သဘင်၊ စတိတ်ရှိုးဖျော်ဖြေပွဲများ၊ ပြခန်းများနှင့် စတုဒီသာကျွေးမွေးခြင်းတို့နဲ့ စည်ကားစွာ ကျင်းပခဲ့ကြောင်း မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

ခရိုင် ပြန်/ဆက်