ညောင်ဦး ဇန်နဝါရီ ၂
နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်းခရီးသွားများ များပြားခဲ့ကြောင်း ယမန်နေ့တွင် ရွှေစည်းခုံဘုရားကြီးသို့ မြန်မာပြည်ရပ်ရပ်မှ ပြည်တွင်းခရီးသွား ဘုရားဖူးများ ၈၀၀၀ ဦးကျော် ဝင်ရောက်ဖူးမြှော်ခဲ့ကြောင်း ရွှေစည်းခုံဘုရား ဂေါပကရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးမှ ပြောကြား၍ သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် အထင်ကရ ဘုရားကြီးများနှင့် သာသနကအဆောက်အဦး၊ ဘုရား၊ စေတီ၊ ပုထိုးများတွင် မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ နှစ်သစ်ကူးရုံးပိတ်ရက် လာရောက်သူများပြားခဲ့ရာ ဒေသခံ အိုဝေအငှားလိုက်သူများ၊ မြင်း လှည်း အငှားလိုက်သူများ၊ E-Bike အငှားသမားများ၊ လက်အလှပန်းချီဆွဲသူများ၊ ထမင်း၊ ဟင်း ရောင်းချကြသူများ၊ ဘုရားများတွင် ရောင်းချနေသည့်ဈေးသည်များ နှစ်သစ်ကူးရုံးပိတ်ရက်၊ အားလပ်ရက် အထိုက်အလျောက် ဈေးရောင်းချရကြောင်းလည်း သိရသည်။ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မုံရွာမြို့၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ လားရှိုးမြို့၊ ပဲခူးမြို့၊ မကွေးမြို့၊ မိတ္ထီလာမြို့၊ သာစည်မြို့၊ တောင်ကြီးမြို့၊ ဟိုပုံးမြို့၊ တောင်သာ ၊ကျောက်ပန်းတောင်း၊ နတ်မောက်၊ တောင်တွင်းမြို့များမှ ဘုရားဖူးလာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်သစ်ကူးရုံးပိတ် ရက် စိတ်သစ်လူသစ်ဖြင့် ပုဂံဘုရားများ လာရောက်ဖူးမြှော်ခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ ဘုရားဖူးလာရောက်သည့် ကျောက်ပွဲစား ဦးကိုကိုလင်းက ရှင်းပြသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားကြီး ၁၉ ဆူတွင် ဂေါပကအဖွဲ့များထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်များနှင့်အညီ ဘုရားဖူးမြှော်စေကြောင်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလောရောက်သူများသည် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အုတ်ပုံ၊ အုတ်ရိုး၊ အညာဒေသပေါက်ပင်များနှင့် ဓာတ်ပုံရိုက်ရန် ရှုခင်းကောင်းသည့်နေရာများ၊ ဧရာဝတီမြစ်ကမ်းဘေးဘုရားများ၊ ဖူးမြှော်ဓာတ်ပုံ ရိုက်ကူးခြင်းနှင့် စာရေးဆရာ ဦးဗိုကေရေသားသည့် ပုဂံသုတေသန လမ်းညွှန်စာအုပ်ဖတ်ပြီး ပုဂံဘုရားများကို ဖူးမြှာ်လေ့လာသူ များပြားလာကြောင်း၊ လူသူအရောက်အပေါက်နဲသည့်ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်းများကိုလည်း စိတ်ဝင်စားမှုမြှင့်တက်လာခဲ့ရာ ပုဂံရှေးယဉ်ကျေးမှုနယ်မြေသို့ ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့တွင်၊ ပြည်တွင်းဘုရားဖူး ၆၀၀၀ ဦးကျော်ခန့်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ရက် နေ့တွင် ပြည်တွင်းဘုရားဖူး ၈၀၀၀ ဦးခန့် လာရောက်ဖူးမြှော်လေ့လာကြကြောင်း ဦးသန်းမြင့်ဦး ကရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD