မိတ္ထီလာ ဇန်နဝါရီ ၂
မိတ္ထီလာမြို့နယ် ချည်စက်ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်က အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အရွယ်ရောက်ပြီးသူ နိုင်ငံသားအရည်အချင်းပြည့်ဝသူများအား နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးမှုများအတွက် မိတ္တူထုတ်ပေးခြင်း ၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေဇယား ရေးသွင်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် မြို့နယ်ဦးစီးမှူး ဦးဌေးဝင်း ဦးဆောင်၍ ဝန်ထမ်းများက ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် ရပ်ကွက်ကျေးရွာအုပ်စုများတွင် တစ်ကြိမ်နှုန်းနှင့် အချို့ကျေးရွာအုပ်စုများတွင် နှစ်ကြိမ်နှန်းဖြင့် ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ယင်းတို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆောင်ရွက်လိုသူများ ကျန်ရှိနိုင်၍ ပန်းခင်းစီမံချက်ကို ရာနှုန်းပြည့် အောင်မြင်စေရန် အိမ်တိုင်းအိမ်တိုင်းတွင် နိုင်ငံသားစိစစ်ကတ် များ တစ်ယောက်မကျန် ရရှိစေရေး ယခုလို အိမ်တိုင်ရာရောက်စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများအား အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း၊ မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ရန် ၁၆၄၄၅ ဦး လျားထားရာမှ ယနေ့အထိ ၁၃၆၉၈ ဦးအထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက ပြောကြားခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်လိုသူများအား အိမ်တိုင် ရာရောက် ကွင်းဆင်းဆောင်ရွက်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီမှူး ဦးဇော်ဝင်းမြင့်၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်အုန်းသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြသန်းတို့က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)