မော်လမြိုင် ဇန်နဝါရီ ၁
မော်လမြိုင်မြို့၊ ရွှေစေတီကျောင်းတိုက်၊ မေတ္တာဝေစည် ရွှေပါရမီစေတီ တော်မြတ်ကြီးအား ထီးတော်တင် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ မြစေတီစာသင်တိုက်မှ ဦးစီးပဓာနနာယကဆရာတော် ဥူးဝိမလဗုဒ္ဓိအပါအဝင် ပင့်ဖိတ်တော်မူသော ဆရာတော် ကြီးများ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီများနှင့် စေတနာရှင်၊ အလှူရှင် များ တက်ရောက်သည်။
ရှေ့ဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ်ပေးပြီး မြစေတီ ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူကာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီများနှင့် အလှူရှင်တို့က စိန်ဖူးတော်မြတ်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းပေးပြီး ဆရာတော်၊ သံဃာတော်တို့က မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ပေး သည်။ ထို့နောက် စေတီတော် မြတ်ကြီးအား စိန်ဖူးတော်မြတ်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား နတ်ရထားပျံဖြင့် တင်မြှောက် ကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ ရွှေစေတီဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒ၏ သက်တော်(၅၀) ပြည့်ရွှေရတုမွေးနေ့ ကုသိုလ်အလှူ တော်မင်္ဂလာ အခမ်းအနားအား ကျင်းပခဲ့ရာ ပင့်ဖိတ်တော်မူသော ဆရာတော်ကြီးများအား ပြည်နယ် ဝန်ကြီးချုပ်နှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမှုအပေါ် ဆရာတော်ကြီးများက သြဝါဒကထာ မြွက်ကြားပေးပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)