ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ကြီး၌ (၄၈) ကြိမ်မြောက် အသံမစဲပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ရှိ ဆိပ်ကမ်း လုပ်သားပေါင်းစုံ ဓမ္မာရုံကြီး၌ (၄၈) ကြိမ်မြောက် အသံမစဲပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ  အောင်ပွဲကို ယမန်နေ့နံနက် ပိုင်းတွင် ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဓမ္မရောင်ခြည် ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော် ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာကေတမြို့နယ် တိပိဋကာလင်္ကာ ရကျောင်း ဦးစီးပဓာန နာယက၊ တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသာမိ ထံမှ အနုမောဒနာတရားနာယူကာ ပိဋကတ်သုံးပုံ  ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကိုပိတ်သိမ်းခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)