စစ်တွေ ဇန်နဝါရီ ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကာန္ဒာစေတီတော်မြတ်ကြီး၌ ကျင်းပသော အသံမစဲ မဟာပဠာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ ပဠာန်းသိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းက လောကာနန္ဒာစေတီတော် မြတ်ကြီးအတွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ဖူးမြော်ပူဇော် ကြသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်နယ် ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ဆက်လက်၍ စစ်တွေမြို့ ဒက္ခိဏာရာမ ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တဓမ္မိကက အနုမောဒနာဂါထာအား ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် များက ပဠာန်းရွတ်ဖတ်ပူဇော်ခြင်း အကျိုးကျေးဇူး အနုမောဒနာ တရားတော်ကို နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။ ဆက်လက်၍ ဒက္ခိဏာရာမ ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တဂန္ဓမာလင်္ကာရက ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
တင်ထွန်း