မိုင်းယောင်း ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ၊ ဈေးများအား ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချရေး အတွက် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအားထူယာနှင့် တာဝန်ရှိသူများက ယနေ့တွင် စစ်ဆေးကြပ်မတ်ခဲ့ကြောင်း သိရသည်။
ဈေးသည်၊ ဈေးဝယ်များ လက်ဆေးခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ Mask တပ်ဆင်ထားခြင်း ရှိ/မရှိ၊ အိမ်ဆိုင်၊ စတိုးဆိုင်များ စည်းကမ်းတကျ စနစ်ကျစွာ ကြိုးတား၍ ရောင်းချခြင်း ရှိ/မရှိနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးမှုတို့ကို စစ်ဆေးခဲ့ပြီး ရောင်းသူ၊ ဝယ်သူ၊ စားသောက်သူများအနေနှင့် နီးနီးကပ်ကပ် မရောင်းချကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်၊ အသိပေးချက်များကို အားလုံးကိုယ်စီ လိုက်နာပေးကြပါရန် ပညာပေးဆွေးနွေးခဲ့သည်။
ပျံကျဈေးသည်များ အားလုံး ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ စည်ပင်မှ ကြီးကြပ်လျက်ရှိသော ဈေးများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၊ လုပ်ငန်းလိုင်စင်ထုတ်ပေးထားရှိသော လုပ်ငန်းများအလိုက် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ဦးတည်အုပ်စုများအား မဖြစ်မနေ ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ဖွင့်လှစ်ရောင်းချသည့်ဆိုင်များတွင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးကြောင်း လက်မှတ်အား မြင်သာသည့်နေရာ၌ ကပ်ထားရန်နှင့် နှစ်ကြိမ်ထိုးနှံပြီးကြောင်း ပြသနိုင်ခြင်းမရှိပါက အဆိုပါဆိုင်အား ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း၊ Mask တပ်ဆင်ခြင်းမရှိဘဲ ဈေးရောင်းချကြောင်း စစ်ဆေးတွေ့ရှိပါက ဒဏ်ရိုက်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း