သာကေတမြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သာကေတမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများ သိရှိနားလည်ပြီး၊ ဉာဏ်ရည်ထက်မြက်သည့် ဘက်စုံထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓါတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓါတ် ရှင်သန် ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရမည့်လူချွန်၊ လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပရာ သာကေတမြို့နယ် အမှတ်(၂၅) အခြေခံပညာ မူလကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆေးရောင်စုံခြယ်ပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးပါဝင် ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

ထိုနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သာကေတမြို့နယ်ရုံး မြို့နယ် ဦးစီးမှူး ဒေါ်ဆောင်းနှင်းဖြူက လွတ်လပ်ရေးနှင့် ပတ်သက်သည့် သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာပေးပြောကြားသည်။

၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အမှတ်(၂၅) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)