မိုင်းခုတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက   လူထုအခြေပြုဗဟိုဌာန (Community    Centre) ခန်းမ၌ ကျင်းပရာ     အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးဖြင့်လည်းကောင်း၊ ပုံပြင်ပြော ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၂၂)ဦးဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတ များ သိရှိနားလည်ပြီး ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်သည့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရမည့် လူချွန်၊ လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း