အင်္ဂလိပ်စာသင်တန်းတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော၊ ဝန်ထမ်း များ အင်္ဂလိပ်စာ အရည်အသွေးကောင်းမွန်ပြီး၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မား လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးသော အင်္ဂလိပ်စာသင်တန်းတွင် ဆုရရှိသူ သင်တန်းသား၊ သင်တန်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုပြုဌာန(ဗဟန်း) (Community Centre) တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး အင်္ဂလိပ်စာသင်တန်းနည်းပြ ဆရာကြီး ဦးခင်မောင်အေးမှ သင်တန်းဆင်း သုံးသပ်စကားပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ယခုသင်တန်းတွင် မိမိတို့ သင်ယူပြီးမြောက် ပြီးသော်လည်း ဆက်လက် သင်ယူကြိုးစားသင့်ပါကြောင်း၊ အင်္ဂလိပ်စာသည် အစဉ်သင်ယူလေ့ကျင့်ရမည့် ဘာသာရပ် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းတွင်ဆုရ သင်တန်းသား၊ သင်တန်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား ပထမဆုရသင်တန်းသား ဦးမျိုးမောင်မောင်မှ ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို အောက်တိုဘာ (၂) က်နေ့မှစ၍ စနေနေ့နှင့် တနင်္ဂနွေများတွင် ရုံးတက်ချိန် မထိခိုက်စေဘဲ ဖွင့်လှစ်သင်ကြားပေးခဲ့သော သင်တန်းဖြစ်ကြောင်း သိရှိရသည်။

ကျော်ဆန်းမြင့် (ပြန်/ဆက်)