မော်လမြိုင် ဇန်နဝါရီ ၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များသည် နှစ်သစ်ကူးရုံးပိတ်ရက်များ၌ ပြည်သူများ ပြင်ပသို့သွားလာရာတွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကမ်းနားလမ်း ညစျေးတန်းတစ်လျှောက် အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန် ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုသည် အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံများဆီသို့ ရောက်ရှိလာပြီဖြစ်ရာ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကို ကာကွယ်တားဆီးနိုင်ရေးအတွက် အထူးသတိပြုကြရမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေနှင့် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်းစသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ပြည်သူများအနေဖြင့် ဆက်လက်လိုက်နာ ကျင့်သုံးသွားကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း