သီပေါ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်စောက်မိန်းကျေးရွာတွင် အာဆီယံသပြေ ပန်းပင်များ စိုက်ပျိုးရောင်းချ၍ နေ့စဉ်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
အာဆီယံသပြေပန်းကို ၁ ပေပတ်လည် ကျင်းတူး၍ မြေဆွေးထည့်ကာ ၃ ပေခြား စိုက်ပျိုး ရကြောင်း၊ တစ်ရက်လျှင် တစ်ကြိမ် ပုံမှန်ရေလောင်းပေးရကြောင်း၊ အပင်သက်တမ်း တစ်နှစ်ကျော်လျှင် ပန်းချိုးပြီး ရောင်းချနိုင်ကြောင်း၊ ဧကဝက်ကျယ်ဝန်းသော ခြံဝင်းအတွင်း အပင်ပေါင်း(၂၀၀)ကျော် စိုက်ပျိုးထားရာ အပင်သက်တမ်း(၃)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ သပြေပန်းများကိုပုံမှန် သီပေါမြို့ဝက်ဝံယာယီပျံကျဈေးနှင့် ပန်းရောင်းချသူများထံသို့ အခက်(၅)ခက်ပါ တစ်စည်းကို ငွေကျပ် ၃၀၀ နှုန်းဖြင့် ပေးသွင်းရာ တစ်နေ့ကို အစည်း ၃၀ခန့် ရောင်းချရကြောင်းနှင့် နေ့စဉ် ဝင်ငွေများရရှိလျက် မိသားစု စီးပွားရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူများစွာ ရရှိကြောင်း ပန်စောက်မိန်း ကျေးရွာရှိ အာဆီယံ သပြေပန်း စိုက်ပျိုးရောင်းချသူ ဦးသန်းဇော်ဦးက ပြောကြားခဲ့သည်။
သပြေပန်းသည် ဗုဒ္ဓဘာသာဝင်များတန်ဖိုးထားကြသော ပန်းဖြစ်သည့်အတွက် အချို့က ဘုရားပန်းအဖြစ် ကပ်လှူ ပူဇော်နိုင်ရန်နှင့် အလှပန်းအနေဖြင့် မိမိတို့အိမ်ခြံဝင်း အတွင်းတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်းနှင့်အချို့က စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)