စဉ့်ကိုင် ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည် ဝါသီးနှံစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မီးသွေးဘုတ် ကျေးရွာအုပ်စု၊ နတ်ရေကန် ကျေးရွာကွင်း အမှတ်(၄၈) ဦးပိုင်အမှတ်(၄၁) စိုက်ဧက(၁၀.၁၄)ဧက တောင်သူ ဦးကံတင်၏ ဝါသီးနှံစံပြကွက်တွင် ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးနှောင်းချည်မျှင်ရှည် ဝါအထူးဇုံ စိုက်ဧက ဝါသီးနှံစံကွက် ရိတ်သိမ်းပွဲတွင် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုး က စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ဧက (၅၅၃၉) ဧက စိုက်ပျိုးထားရှိပြီး ဝါသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် မျိုးကောင်း မျိုးသန့်များ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနိုင်ရေးအတွက် အထူးဇုံဧက(၂၀၀) စံပြကွက်ကို မီးသွေးဘုတ် ကျေးရွာအုပ်စုတွင် ရွှေတောင်-၁၀ ဝါမျိုးကို F.S မျိုးသန့်အဆင့်ဖြင့် စိုက်ပျိုးထားရှိရာ လာမည့် ဝါစိုက်ပျိုးရာသီတွင် မျိုးစေ့အဖြစ် ပြန်လည်အသုံးပြုနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဌာန၊ တောင်သူနှင့် ပုဂ္ဂလိက အစီအစဉ်များဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး ဝါသီးနှံစံပြကွက် ရိတ်သိမ်းခဲ့ရာ ဝါတစ်ဧက ပျမ်းမျှအထွက်နှုန်း (၆၅၁)ပိသာထွက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံစိုက်ဧက ဝါသီးနှံစံပြကွက် ရိတ်သိမ်းပွဲသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးနိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်၀င်းနှင့် ခရိုင်အဆင့် ၀န်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးနှင့် ၀န်ထမ်းများ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဆွေ၀င်းနှင့် ၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)