နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်း ကွင်းဆင်းဆောင်ရွက်

နောင်ချို     ဒီဇင်ဘာ    ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဘန့်ဘွေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးဌာနရုံးမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကွင်းဆင်းဆောင်ရွက်ရာသို့  နောင်ချိုမြို့နယ် လက်ထောက်လဝကမှုး ဦးကောင်းမြတ်စိုးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းများစိစစ် လဲလှယ်ထုတ်ပေးခြင်း၊ ပျက်စီး၊ ပျောက်ဆုံးသူများကိုမိတ္တူပြုလုပ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး/ သေဆုံး စာရင်းဆောင်ရွက်ပေးခြင်းပြောင်းဝင်၊ ပြောင်းထွက်၊ တိုး/လျော့လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ကျား(၃၅)ဦး၊ မ (၃၈)ဦး စုစုပေါင်း (၇၃)ဦး တို့ကို ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းကို ရပ်ကွက်၊ ကျေးရွာ များ အရောက်ကွင်းဆင်း၍ မေလ(၃)ရက်နေ့မှစတင်ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲ နေထိုင်၍ အိမ်ထောင်စု လူဦးရေးစာရင်းမရှိသူများနှင့် ရွှေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

 

ထွေးငယ်၊ (ပြန်/ဆက်)