ပူတာအို ဒီဇင်ဘာ ၃၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ပူတာအိုခရီးစဉ်တွင် လမ်းညွှန်ချက်နှင့် အညီ တစ်သီးစားမှနှစ်သီးစားအဖြစ် တောင်သူများစိုက်ပျိုးလာစေရေးအတွက် သီးထပ်စိုက်ပျိုးရေး စနစ်အကြောင်းကို အွန်လိုင်းမှတဆင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ဆွေး နွေးဟောပြောသည်။
ဟောပြောပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေး က စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပူတာအို/မချမ်းဘော့မြို့နယ် နှစ်မြို့နယ်တွင် မိုးစပါးအပြီး ပဲပုပ်၊ ဆီမုန်ညှင်း၊ ပန်းနှမ်းများကို အဓိကထားစိုက်ပျိုးပြသနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သီးထပ်စိုက်ပျိုးခြင်းအားဖြင့် မိုးစပါးအပြီး တောင်သူများအပိုဝင်ငွေတိုးတက်ရရှိလာမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပူတာအို/မချမ်းဘော့မြို့နယ်များ၌ (၃၅)ဧကတွင် သီးထပ်စိုက်ပျိုးရေးစနစ် လက်တွေ့လုပ်ဆောင်ပြသသွားမည့်အပြင် ပညာပေးအစီအစဉ်များလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်သီးစားမှနှစ်သီးစားအဖြစ် ပြောင်းလဲနိုင်ရန်အတွက် သီးထပ်စိုက်ပျိုးရေးစနစ်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အဓိကထား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးဟောပြောသည်။
အဆိုပါဆွေးနွေးဟောပြောချက်များကို တောင်သူများ အလွယ်တကူကြည့်ရှုလေ့လာနိုင်ရန်အတွက် ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူမှုကွန်ယက်စာမျက်နှာတွင် လွင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)