ကျောက်ပန်းတောင်း၊ ဒီဇင်ဘာ ၃၁
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အညာတောင်သူများ၏ အဓိက အားထား စိုက်ပျိုးကြသည့် သီးနှံများအနက်၊ တစ်ခုဖြစ်သော ပဲစင်းငုံသီးနှံများ၊ ဒီဇင်ဘာလ လယ်ခန့်မှ စတင် ခုတ်သိမ်း လျက်ရှိနေကြပြီး၊ ယခုနှစ်တွင် သီးနှံအထွက်ကောင်းသည့် အပြင် ဈေးကောင်းရရှိသဖြင့် တောင်သူများ အဆင်ပြေကြကြောင်း ပဲစင်းငုံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံသီးနှံကို ပြည်ပပို့ကုန်သီးနှံအဖြစ် ဈေးကွက်ရရှိမှု အပေါ် မူတည်၍ အားထား စိုက်ပျိုးကြကြောင်းသိရပြီး၊ နှစ်စဉ် ဧပြီလလယ် (တန်ခူး လဆန်း)တွင် နှမ်း၊ မြေပဲတို့နှင့်အတူ ရောနှော၍ သီးညှပ် စိုက်ပျိုးကြ သည်များရှိသလို၊ အချို့တောင်သူများကလည်း ပဲစင်းငုံ သီးနှံ တစ်မျိုးတည်းကိုပင် သီးခြား အားထား၍ စိုက်ပျိုး ကြလေ့ရှိ ကြောင်းသိရသည်။ အဆိုပါ ပဲစင်းငုံ သီးနှံများစတင်စိုက်ပျိုးချိန်တွင် မျိုးဈေးမှာ တစ်တင်းလျှင်(၄)သောင်းကျပ်ပေး ၍ဝယ်ယူ စိုက်ပျိုး ရကြောင်းနှင့် စိုက်ပျိုးပြီးကာလများတွင် လည်း ပိုးသတ်ဆေးပက်ဖျန်းပေးခြင်းများကိုလည်း အချိန်အခါ အလိုက် ဆောင်ရွက်ပေး ရကြောင်းသိရသည်။ ပဲစင်းငုံသီးနှံကို ဒီဇင်ဘာလလယ (နတ်တော် လပြည့် ကျော်ခန့်တွင်) စတင် ခုတ်သိမ်းကြကြောင်းနှင့် ခုတ်သိမ်းချိန်တွင် ပဲစင်းငုံခုတ်ခြင်း/ ပုတ်ခြင်း လုပ်ငန်းများ အတွက် မိသားစုနည်းသူများမှာ လူငှားဖြင့် ဆောင်ရွက်ကြရပြီး၊ လူငှားခမှာ (အမျိုးသား/ အမျိုးသမီး) တစ်နေကုန်(၂၀၀၀)ကျပ်ဖြစ်ကြောင်းနှင့် အခင်းမှဘေးထွက် ပစ္စည်းအဖြစ်ရရှိလာ သည့် အရွက်/ အမှော်များကို နွားစာကျွေးခြင်းနှင့် ပဲစင်းငုံအရိုးကို ထင်းလောင်စာအဖြစ် သုံးစွဲခြင်းများ ဆောင်ရွက်ကြ ရကြောင်း တွင်းဖြူကျေးရွာမှ တောင်သူ ဦးအေးမောင်က ပြောပါသည်။ ယခင်နှစ်များက တစ်ဧကလျှင် ပဲစင်းငုံအထွက်မှာ(၂)တင်းခွဲ၊ (၃)တင်းသာရရှိကြ ရာမှ၊ ယခုနှစ် ပဲစင်းငုံအထွက်မှာ တစ်ဧကလျှင် (၅)တင်း(၆)တင်းခန့် ရရှိ ကြောင်းနှင့် အထွက်နှုန်းကောင်းမွန်သည့်အပြင်၊ ရောင်းဈေးမှာလည်း ပေါ်ဦးပေါ်ဖျားတွင် တစ်တင်းဈေး (၃၂၅၀၀) ကျပ်ဈေးသာ ရရှိခဲ့ရာမှ၊ ယခုလက်ရှိတွင် တစ်တင်း (၃၆၀၀၀) ကျပ်ဈေး အထိ ရရှိနေပြီ ဖြစ်ရာ၊ သီးနှံ အထွက်ကောင်းသလို ဈေးကောင်း ရရှိကြသဖြင့် ယခုနှစ် ပဲစင်းငုံ စိုက်တောင်သူများ အဆင်ပြေကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)