မိုင်းယောင်း ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးမီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှုကို အဆိုပါဈေးတွင် ကျင်းပသည်
ရှေးဦးစွာ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းနေလှိုင်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအားထူယာနှင့် တာဝန်ရှိသူများက စျေးအတွင်းမီးဘေးကြိုတင်ကာကွယ် ရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့မဈေးအရန် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဂတ်(စ်)အိုးမှ မီးလောင်မှုဖြစ်ပွားပါက လက်တွေ့မီးငြှိမ်းသတ် ခြင်း၊ မီးလောင်နေမှုအား ရေစိုအဝတ်ဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်ခြင်း၊ ဆီမီးလောင်နေမှုအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ အပေါ့စားမီးသတ်စက်ဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ် ယာဉ်နှစ်စီးဖြင့် ဈေးအတွင်းဝင်ရောက်မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြ ငြှိမ်းသတ် ခဲ့ကြသည်။
အဆိုပါ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြမှုသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်နိုင်လင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း