နမ္မတူ ဒီဇင်ဘာ ၃၁
နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှနှစ်အလိုက် တိရစ္ဆာန်ကောင်ရေ တိုးပွား/ လျော့နည်း ခန့်မှန်းနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံချက်များဆောင်ရွက်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်မှုအတည်ပြုနိုင်ရန်၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အာဟာရဆိုင်ရာစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေတိုးပွားမှုစံနှုန်းများအား ပြင်ဆင်တွက်ချက်ရန်၊ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ကောင်ရေ စုစုပေါင်းအား အနီးစပ်ဆုံး အတည်ပြုနိုင်ရန်ရည်ရွယ်၍ ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းသင်တန်းကို ဒီဇင်ဘာလ (၃၀)ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်သည်။
သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ညီညီသန့်က မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၅) အုပ်စု၊ ကျေးရွာ(၂၈)ရွာရှိ အိမ်ထောင်စု (၈၀၀)ကျော်ကို ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ (၂၀)ရာခိုင်နှုန်းဖြစ်ပြီး ကျွဲ၊ နွား၊ မြင်း၊ ဝက်၊ ဆိတ်၊ သိုး၊ ခွေး၊ ကြက်ကောင်ရေ စာရင်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း ယခုလိုစာရင်းကောက်ယူသည်မှာ (၄)ကြိမ်ရှိပြီဖြစ်ကြောင်း ပြောကြားပြီး ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရန် လိုအပ်သည့် အချက် အလက်များအား သင်တန်းပို့ချဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းသို့ ကြားဖြတ်တိရစ္ဆာန်ကောင်ရေ စာရင်းကွင်းဆင်းကောက်ယူမည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများတက်ရောက်ခဲ့ပြီး သိရှိ လိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)