ဇေယျာသီရိ ဒီဇင်ဘာ ၃၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲအခမ်းအနားတွင် ဥတ္တရခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က ဇေယျာသီရိမြို့နယ် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် စီမံချက်အရ ယခု အချိန်မှာ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ပြည်သူများအနေဖြင့် မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည့်ပြည့်ဝဝ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မှသာ နိုင်ငံသား အခွင့်အရေးကို ပြည့်ပြည့်ဝဝရရှိမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရှာစေးဖိုကျေးရွာမှ အများပြည်သူ (၈၇) ဦးထံ နိုင်ငံသား စိစစ်ရေးကတ်ပြားများပေး အပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)