နမ္မတူ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး များ ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသာပတေးနေ့တိုင်း တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသဖြင့် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန်လာ ရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များကောက်ယူပေးခြင်းနှင့် လိုအပ်သည် များ ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သည်။
နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၅၃၉ဦး၊ ကျောင်းသား/ကျောင်းသူ ၉၀၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံ ပြည်သူ ၇၁၉၆ဦးနှင့် ကျောင်းသား/ကျောင်းသူ ၂၀၀ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၃၈၃၇ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)