နမ္မတူ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ(၁၃၅)ဦးအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား အပတ်စဉ်အင်္ဂါနေ့နှင့် ကြာသပ တေးနေ့တိုင်းတွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ၅၅၃၉ဦး၊ ကျောင်းသား/ကျောင်းသူ၉၀၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၃၄၁ဦးနှင့် ကျောင်းသား/ကျောင်းသူ၂၀၀ဦး၊ စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့်ကျောင်းသား/ကျောင်းသူ ၁၃၉၈၂ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)