ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကျင်းပ

တောင်ကြီး        ဒီဇင်ဘာ      ၃၁

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကယနေ့ အစည်းအဝေးတွင် အတည်ပြုမိန့် လျှောက်ထားလွှာများ အဆိုပြုတင်ပြမှုမရှိသော်လည်း တည်ဆောက်ရေး ကာလ သက်တမ်းတိုး လျှောက်ထားလာမှု(၂)ခုရှိသည့်အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း၊ အတည်ပြု မိန့်အဆိုပြုလွှာများ လျှောက်ထားလာရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ကြသလို တစ်ဖက်မှလည်း ယခုလို ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး ကူညီဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉ ကူးစက်မြန်ရောဂါ၏ သက်ရောက်မှုကြောင့် ထိခိုက်ခဲ့ရ သည့် စီးပွားရေးလုပ်ငန်းများ ကုစားရေးကိုလည်း ကျရာကဏ္ဍတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်လာရေးနှင့် ရှိပြီးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရေးအတွက် ရင်းနှီးကြီးကြပ်လုပ်ငန်းကိုလည်းအားထည့်လုပ်ကိုင်ပေးကြရန် တိုက်တွန်းပြောကြား သွားသည်။

ဆက်လက်၍ Hi Avocado ကုမ္ပဏီလီမိတက်၏ ထောပတ်သီး၊ သရက်သီး အစရှိသည့် သီးနှံများပြုပြင် ထုတ်လုပ်ခြင်း လုပ်ငန်းကို တည်ဆောက်ရေးကာလတိုးမြှင့်ခွင့် တင်ပြလာခြင်းနှင့် Mahar San 333 Co., Ltd. ၏ စက်အုတ်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းအား တည်ဆောက်ရေးကာလတိုးမြှင့်ခွင့် တင်ပြလာခြင်းတို့ အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးလေးနိုင်မှ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ကော်မတီ အဖွဲ့ဝင်အားလုံးမှ ဝိုင်းဝန်းဆွေးနွေးကြ၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိ ရသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၂)ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်သန်း (၂၈၅၀၉.၈၉)၊ အမေရိကန်ဒေါ်လာ (၅.၆၇၆)သန်းအပါအဝင်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၅)ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ(၁၁.၀၀)သန်းတို့ကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်း များမှ ပြည်တွင်းလုပ်သား(၉၇၉)ဦးနှင့် ပြည်ပလုပ်သား(၅၃)ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)