ဒေါပုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ဒေါပုံ ဒီဇင်ဘာ ၃၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း  ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင် ရန်အတွက် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား နေ့စဥ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ   ယနေ့နံနက် ၁၀ နာရီက ဒေါပုံမြို့နယ် လမုတန်းရပ်ကွက် အထက ( ၁ )ကျောင်းနှင့် နွယ်အေးရပ်ကွက် အလက (၄)ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဒေါပုံမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည် အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံ ပေးရာ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ sinopharmကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူ (၁၈၄၈၃)ဦး  ၊sinovac ကာကွယ် ဆေး နှစ်ကြိမ်ထိုးပြီးသူ ( ၈၃၄)ဦး  စုစုပေါင်း (၁၉၃၁၇)ဦး ထိုးနှံပြီးကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံကြ သူများကို မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက သွေးအောက်ဆီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)