ပုဏ္ဏားကျွန်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ပုဏ္ဏားကျွန်း ၊ ဒီဇင်ဘာ ၃၁

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မှူးရုံးမှ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းက ပုဏ္ဏားကျွန်းမြို့နယ်၌ လူမှုဘဝ ပြည့်စုံဖို့  ပန်းခင်းစီမံချက်ဖြင့် အဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်က  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ  ပန်းခင်းစီမံ ချက်(၄)ရပ် နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိနိုင်ရေးတို့ အတွက် ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းပြောကြားသည်။         

ထိုနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဦးကျော်နုတို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ထားရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၂၉)ခု အားသက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး များ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

 

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့်   အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများမှာ ပြင်လျားရှည်၊ ရှင်တော်၊ အောင်ဖြူပြင်၊ နားဍောင်းကျ၊ နတ်တောင်၊ မြို့ရွာ၊ မြို့သစ်၊ ရဟတ်တောင်၊ ဖောင်ဆိပ်၊ ပြိုင်တောင်၊ ပဲစီနန်း၊ ကျွဲထိုးကျေးရွာ အုပ်စုနှင့် ယိုးတရုပ်ကျေးရွာအုပ်စုများမှ အမျိုးသား ၁၄၆ ဦး၊ အမျိုးသမီး ၂၈၃ ဦး တို့အတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားများအား ပေးအပ်ခဲ့ကြပြီး၊ ယိုးတရုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

နီထွန်းအောင်