အင်တော မတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ဓနုတိုင်းရင်းသားများအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသော ပဉ္စမအကြိမ် မြောက် ဓနုတိုင်းရင်းသားများ ဆုံဆည်းရာနေ့ပွဲတော် အခမ်းအနားကို ယနေ့ ၉ နာရီက အင်တောမြို့ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း၌ ကျင်းပပြုလုပ်သည်။
ပထမပိုင်း အစီအစဉ်အရ ဓနုတိုင်းရင်းသားများ ဆုံဆည်းရာနေ့ပွဲတော် အခမ်းအနားကို ဩဝါဒဆရာတော်များ၊ ရပ်စောက်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဓနုတိုင်းရင်းသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့်မြို့အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဓနု တိုင်းရင်း သားများအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နှင့် ဓနုတိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ဓနုတိုင်းရင်းသား ဆရာတော်များအား ပူဇော်ကန်တော့ကြပြီး နာယက ဆရာတော်အရှင်သူမြတ်ထံမှ ဩဝါဒခံယူခဲ့ကြသည်။
ဒုတိယ အစီအစဉ်အရ ရှေးဦးစွာ သဘာပတိများက နေရာယူကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊ ရှမ်းပြည်နယ် အလံနှင့်ဓနုတိုင်းရင်းသား အလံများအား အလေးပြုကြသည်။
ဆက်လက်၍ ဓနုအမျိုးသားသီချင်း သီဆိုကြသည်။ ထို့နောက် ရပ်စောက်မြို့နယ် ဓနုတိုင်းရင်းသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘမော်က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ရပ်စောက်မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ ပင်းတယမြို့နယ် ဓနုတိုင်းရင်းသားများ အဖွဲ့ချုပ် (ဗဟို) ဥက္ကဋ္ဌ ဦးနေမျိုးကျော်တို့က အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော အမျိုးသား ညီလာခံကိုယ်စားလှယ်နှင့် ဒေသအကျိုးပြု ဆောင်ရွက်သူတို့အား တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ခဲ့ကြပြီး ဓနုတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက အဆိုအကများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓနုဆုံဆည်းရာနေ့ ပွဲတော်အခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဓနု တိုင်းရင်းသားများ အဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ရပ်စောက်မြို့နယ်တွင် နေထိုင်ကြသော ဓနုတိုင်းရင်းသားများ၊ ရှမ်း၊ ပအိုဝ်းယဉ်ကျေးမှု အကအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက တက်ရောက်ကြပြီး ဓနုတိုင်းရင်းသားများ ဆုံဆည်းရာနေ့ ပွဲတော်ကို ရပ်စောက်မြို့နယ်အတွင်းရှိ ဓနုတိုင်းရင်းသားနေထိုင်ရာ ဒေသများ တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အင်တော (ပြန်/ဆက်)