(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်တွေ   ဒီဇင်ဘာ ၃၁

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁)ကို ယမန်နေ့နေ့လယ် ၂ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို စစ်တွေမြို့ ဝေသာလီ အားကစား ကွင်း၌  စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ် ကြောင်း၊ ညှိနှိုင်း အစည်းအဝေး(၁/၂၀၂၁)တွင် ဆောင်ရွက်ရန်ဆုံးဖြတ်နိုင်ခဲ့သည့် ဆုံးဖြတ်ချက်ပါ အတိုင်း လုပ်ငန်းကော်မတီအလိုက် အချိန်နှင့်တပြေးညီ တိတိကျကျမြန်မြန်ဆန်ဆန် ပြီးစီးနိုင် အောင် အချင်းချင်းညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခု အစည်းအဝေးတွင်လည်း လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များနှင့် အခြား ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စများအား အသေးစိတ်ဆွေးနွေးတင်ပြ စေလို ကြောင်းနှင့် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဖွဲ့စည်းတာဝန်ပေးအပ် ထားသည့် လုပ်ငန်းကော်မတီများအနေဖြင့် လစ်ဟမှုမရှိစေရေး ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက (၁/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ယခင်နှစ်အခမ်းအနားများတွင် ဆောင်ရွက်ခဲ့သော ဆောင်ရွက်ခဲ့မှုများကို  ဆွေးနွေး တင်ပြသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများက လုပ်ငန်း ကော်မတီအလိုက် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ယခင်နှစ် အခမ်းအနားများတွင် ဆောင်ရွက် ခဲ့သော အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများ က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။

 

တင်ထွန်း(ပြန်/ဆက်)