မိုးနဲ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူတိုင်း ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်မှု ရှိစေရေးအတွက် sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မိုးနဲ အ.ထ. က ကျောင်းဝင်းအတွင်းရှိ ပုလဲဆောင်ခန်းမစုရပ်၌ ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ အသီးသီးမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ပူးပေါင်းကာ ကာကွယ်ဆေး ထိုးနှံပေးမည့် ကျောင်းသား/ကျောင်းသူများကို စာရင်းသွင်းပေးပြီး စနစ်တကျ ထိုးနှံပေးလျက်ရှိရာ မိုးနဲမြို့နယ်ရှိ အ.ထ.က ကျောင်း၊ မြို့မ အ.လ.က ကျောင်း အပါအဝင် အခြားကျောင်းများမှ ၁၂ နှစ်ပြည့်ပြီးသူ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူများ ဘုန်းတော်ကြီး စာသင်တိုက်ရှိ စာသင်သံဃာတော် ၄ ပါး အပါအဝင် စုစုပေါင်း ၁၂၀ ဦးခန့်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် အပါအဝင် ၂၈ ရက်ပြည့်ပြီးသူ ကျောင်းသား/ ကျောင်းသူများကိုပါ ဒုတိယအကြိမ် တစ်ပြိုင်နက်တည်း ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)